ကျွန်ုပ်သည်ကား နည်းပညာ ရပ်ဝန်းထဲ နေထိုင်သည့် ခေတ်မှီ အိုင်တီလူသား တစ်ဦး ဖြစ်လေရာ နည်းပညာ ပစ္စည်းများနှင့် အကျွမ်းတဝင် ဆက်ဆံသမှု ပြုသည့် နည်းတူ ၄င်းပစ္စည်းများ ခင်းကျင်း ပြသ ရောင်းချလေ့ ရှိသော အိုင်စီတီ ပြပွဲများသို့ သွားရောက် ငေးမော၍ လေ့လာခြင်း အမှုကို ပြုရန်လည်း လွန်စွာမှ ဝါသနာ အထုံ ရှိသူ ဖြစ်ပေသည်။ ယခုလည်း တစ်ခါမှ မရောက်ဖူး သေးသော ICT Show သို့ သွားရောက် လေ့လာ စပ်စု၍ အဆင်သင့်လျှင် Notebook လေး တစ်လုံးလောက် ဝယ်ယူနိုင်ရန် အလို့ငှာ ပြပွဲ ကျင်းပရာ တပ်မတော် ခန်းမ အတွင်းသို့ ဝင်ရောက်ရန် ကြံစည်ခြင်း အမှုကို ပြုလေ၏။
ပြပွဲခန်းမထဲ မရောက်ခင် အပြင် စင်္ကြန် ပတ်ပတ်လည်တွင် ကော်ဖီဆိုင်၊ ဒံပေါက်ဆိုင်၊ အအေးဆိုင် စသည့် စားသောက် ဖွယ်ရာများ ရောင်းချသော ဆိုင်များစွာကို တွေ့ရလေရာ “အော် .. ဘယ်လို စိတ်ကူးဥာဏ် ကွန့်မြူး၍ လာဖွင့် ထားကြ ပါလိမ့် … ICT ပြပွဲပါ ဆိုနေ … အထဲက ပစ္စည်းတွေ၊ ဆိုင်ခန်းတွေ အများကြီးကို လိုက်ကြည့် ရတာနဲ့ ဘယ်သူက ဒီဆိုင်တွေ လာထိုင်ဖို့ အတွေးရ မှာလဲ” ဟု တွေးမိလိုက် သေး၏။ ထားပါလေ .. ဒါက ကိုယ့်အလုပ်မှ မဟုတ်တာရယ်။ ပြခန်း အပေါက်ဝ ရောက်၍ အထဲသို့ သေချာစေ့ငု ကြည့်ရှုလေသော် နာမည်ကျော် ဇာတ်မင်းသား လာရောက် ကပြသော ရွာဘုရားပွဲ အလား စည်ကား၍ တိုးမပေါက် လောက်အောင် များပြားသော လူအုပ်ကြီးကို အရင်ဆုံး တွေ့ရှိရ လေ၏။
ပြခန်း အတွင်းသို့ ခြေချ မိသည်နှင့် တပြိုင်နက် စိတ်သွားတိုင်း ကိုယ်မပါ နိုင်သည့် အဖြစ်ကို ဦးစွာ ပထမ နဖူးတွေ့ ဒူးတွေ့ ကြုံလေ၏။ ကိုယ်က ဘယ်ဖက်သို့ သွားချင်လှ သော်လည်း များစွာသော လူအုပ်ကြီးက တရွေ့ရွေ့ဖြင့် လက်ယာရစ် ပတ်နေသည် ဖြစ်၍ ကျွန်ုပ်လည်း ယက်ကန် ယက်ကန်ဖြင့်ပင် လူစီးကြောင်း ကြီးထဲ မျောပါ၍ သွားလေ၏။ ICT Show ၏ ပထမဆုံး အတွေ့အကြုံ အဖြစ် အိုင်စီတီ နည်းပညာ ပြပွဲ ဆိုသည်မှာ နည်းပညာ ပစ္စည်းများ၊ ပြခန်းများကို ကြည့်ဖို့ စိတ်မကူး ရသေးခင် ကြီးစွာသော လူအုပ်ကြီးထဲ လူတစ်ကိုယ်စာ လိမ်ဖယ် လိမ်ဖယ် လျှောက်၍ ကိုယ့်ခြေထောက် နှစ်ဖက် အချင်းချင်းပင် တက်မနင်း မိလေအောင် တသတ်မတ်တည်း ခေါင်းအောက်ငုံ့၍ သတိထား လျှောက်ရသော ဒီဇင်ဘာ အားကစားလ လူစုလူဝေး လမ်းလျှောက်ပွဲကြီး သဖွယ် ဖြစ်ပေသည်ဟု မှတ်သားရ လေ၏။
ဘာပစ္စည်းမှ လေ့လာရန် မကြံစည်ပည့် လေသော် လူအုပ်ထဲ လျှောက်သည်မှာ ကျင့်သားရ သွားပြီ ဖြစ်သဖြင့် နောက်တစ်ပတ် သေချာ ပြန်ပတ်ပြီး လေ့လာလျှင် ဖြစ်နိုင်ချေ ပေတော့မည်ဟု စိတ်ကူးလျက် လက်ယာရစ် ဆက်လက် လျှောက်မိလေသည်။ ပထမ တစ်ပတ် တုန်းကတော့ ခေါင်းငုံ့၍ လျှောက်နေသဖြင့် ဘာမှ မသိသော်လည်း ယခု ခေါင်းမော့ ရင်ကော့၍ လျှောက်မည် ကြံသည်တွင် ခြေထောက်ပင် တစ်လှမ်း မလှမ်းရသေး လက်ထဲ စာရွက်ကလေး တစ်ရွက်ကို တစ်စုံတစ်ယောက်က လာထိုး


